data-language="en">

အသက် ၁၄ နှစ်မှာ တရုတ်ပြည်ကို ရောင်းစားခံခဲ့ရတဲ့မြန်မာမိန်းကလေး

RFA က ၂ ပတ်တကြိမ် တင်ဆက်နေတဲ့ အမျိုးသမီးကဏ္ဍ အစီအစဉ် ဖြစ်ပါတယ်။

မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးမှုတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ မိသားစုအဆင်မပြေမှုတွေရဲ့ ဒဏ်တွေကြောင့် အမျိုးသမီးအများစုဟာ လူကုန်ကူးသူတွေရဲ့ သားကောင်တွေ ဖြစ်နေကြရပါတယ်။ အဲဒီထဲမှာ မော်လမြိုင် မုပွန်က မဇာဇာအေးလဲ ပါဝင်ပါတယ်။ သူဟာ အသက် ၁၄ နှစ်အရွယ် ၂၀၁၉ ခုနှစ် မေလမှာ တရုတ်ပြည်ကို လူကုန်ကူးခံခဲ့ရတာပါ။

“အမေနဲ့အဖေနဲ့ အဖေတို့ရွာ ဧရာဝတီ ကျိုက်လတ်ဘက်ကို လိုက်သွားတာ အဲဒီမှာ အမေနဲ့ အမျိုးတွေနဲ့ စကားများတော့ သမီးက ရှက်ပြီး ထွက်လာတာ။ မော်လမြိုင်ပြန်ရောက်တယ် မော်လမြိုင်ကနေ မောင်နှမတွေနဲ့ အဆင်မပြေလို့ ရန်ကုန်ကိုတက်လာတာ။ ရန်ကုန်ကားကွင်းမှာ ပွဲစားနဲ့တွေ့တယ် ပွဲစားကတရုတ်ပြည်ကိုလိုက်ခဲ့ အလုပ်ကောင်းတယ်ဆိုပြီး သမီးကိုခေါ်တယ်။ သမီးမလိုက်ဘူးလို့ပြောလိုက်တယ် အဲဒါပဲ သမီးမှတ်မိတယ်”

သူ့ကိုပွဲစားတွေက တရုတ်ပြည်ဘက်ခေါ်လာခဲ့တာ သူလုံးဝမသိခဲ့ဘူးလို့ဆိုပါတယ်။ မနက်မိုးလင်းလို့ ကားဂိတ်ရောက်တဲ့အခါမှ ပွဲစားက သူ့ကိုအိပ်နေရာက နှိုးပြီး တည်းခိုခန်းကိုပို့ခဲ့ပြီး ထွက်မပြေးဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လဲ မဇာဇာက ပြောပြပါတယ်။

“နယ်စပ်ကိုရောက်တာ သမီးမှတ်မိတယ် ကျန်တာမမှတ်မိဘူး ဘယ်လိုခေါ်လာတာလဲလည်း သမီးမမှတ်မိဘူး။ လွယ်ဂျယ်ကိုရောက်မှ သမီးသိတာ။ အဲဒီနေ့က သမီးအပြင်လုံးဝ မထွက်ရဘူး။ သမီးကို ‘ပင်လယ်’ တည်းခိုခန်းမှာထားတာ။

တပတ်ကျော်ကျော်လောက်ထားတယ် မြန်မာပြည်နယ်စပ်ဘက်ကပေါ့နော်။ သမီးပြန်ဖို့ကြိုးစားတယ် သမီးကို ဓားနဲ့ထောက်တယ်။ ဓားမြှောင်နဲ့ထောက်ပြီး နင်ထွက်ပြေးရဲရင်ထွက်ပြေးကြည့် နယ်စပ်မှာတင်အသက်ပျောက်သွားမယ်။

ပြန်လို့ကတော့ နင့်ကိုသတ်မှာ နင့်ပေါင်ကို ဓားနဲ့ထိုးမှာဆိုပြီး ပြောတော့ သမီးကြောက်တယ်။ သမီးက တရုတ်ပြည်ရောက်တာ အသက်မပြည့်သေးပါဘူး။ ၁၄ နှစ်ကျော်လေးပဲ ရှိတယ်။ အခု ၇ လပိုင်း ၁ ရက်နေ့ကမှ ၁၆ နှစ်ပြည့်တာ ”

အဲဒီတည်းခိုခန်းမှာပဲ တရုတ်အမျိုးသားနဲ့ တွေ့ဆုံခဲ့ရပြီး လက်ထပ်ခဲ့ရတာတွေ ပွဲစားက တရုတ်အမျိုးသားထံက ငွေကြေးယူသွားတာတွေကိုလဲ သူက ပြောပြပါတယ်။

“ သမီးယောကျာ်း ယူရမယ်လို့လဲ မသိခဲ့ဘူး။ ယောကျာ်းယူရမှန်းမသိတဲ့အခါ သမီးဖာသာသမီး အော်သူတို့ပို့ခဲ့ပြီးပြီပဲ ကောင်းအောင်နေလိုက်တော့မယ် ဆိုပြီးနေခဲ့တယ်။ ပိုက်ဆံ တရုတ်ငွေ ၆ သောင်းခွဲ ပွဲစားကယူသွားတယ် အဲလိုပေးလိုက်တာသမီးမြင်တယ်။

ဒါပေမဲ့သမီးပါးစပ်က ဘာမှပြောလို့မရဘူး။ သမီးရဲ့ပွဲစားက လက်ရှိ ဒီတရုတ်ပြည်မှာရှိတယ် ဟိုတလောကမှ သူ့ကိုပြန်တွေ့တာ၊ ဒါပေမဲ့ သမီးကို အဆက်အသွယ်မလုပ်ဘူး”

အဲဒီအချိန်အထိ သူဟာ ပွဲစားက ရောင်းစားသွားတာကို မသိခဲ့ပါဘူး။ သူ့ကို ပွဲစားက ၃ လနေရင် ပြန်လာခေါ်မယ်လို့ ပြောခဲ့တဲ့အတွက် ပွဲစားကို သူစောင့်ခဲ့တာတွေ နောက်မှ ပွဲစားက ငွေယူပြီး သူ့ကိုရောင်းစားသွားတာတွေ သိခဲ့ရတာပါ။

“ သမီးကို ရောင်းစားသွားမှန်း တရုတ်ပြည်ရောက်ပြီး ၄ လလောက်နေမှ သိရတာ။ ပွဲစားက သမီးကိုပြောသွားတာက တရုတ်ယောက်ကျားကို ယူရမယ်။ သမီးဘဝကို မပေးရဘူး။ ၆ လလောက်နေရင် သိန်း ၂၀ ရမယ်ပြောတယ်။

သမီးက မေးတယ် အဲလိုယူရရင် သမီးမိဘကို ထောက်ပံံ့လို့ရမလားဆိုတော့ သမီး ၃ လပြည့်ရင်သူတို့က လာပြန်ခေါ်မှာ သမီးအိမ်မှာဘာမှလုပ်စရာမလိုဘူး။ ကိုယ့်ဘာသာကိုယ် နေရမှာ အဲလိုပြောလို့ နေလိုက်တာ။

ဒါပေမဲ့ ၄ လကြာတော့ သမီးယောကျာ်းကိုမေးတယ် သမီးကိုယ်ဝန် ၃ လလောက်မှာ။ သူကပြောတယ် လာမခေါ်ဘူးလေတဲ့ ပိုက်ဆံယူသွားတယ်လို့ပြောတယ် အဲဒါ စကားပြန်အမကြီးတယောက်ကိုမေးခိုင်းတယ်။ ညီမလေးတဲ့ နင်က တရုတ်ပြည်မှာ ယောကျာ်းရတာ ရောင်းစားခံရတာ အဲလိုပြောတယ်။ သမီးယုံတောင် မယုံဘူး။ တကယ်မထင်ခဲ့ဘူး အဲလိုရောင်းစားခံရတာ ”


အခုတော့ မဇာဇာဟာ ဖူချွန်းမြို့မှာ တရုတ်အမျိုးသားနဲ့ နေထိုင်ရင်း သားယောက်ကျားလေးတယောက် မွေးဖွားခဲ့ပြီးပါပြီ။ တရုတ်ပြည်က ကူညီပေးသူတချို့ကြောင့်လဲ မြန်မာပြည်က မိခင်ဖြစ်သူနဲ့လဲ အဆက်သွယ်ရနေပါပြီ။

“ အမေက မြန်မာပြည်ကို ပြန်လာခဲ့ တရုတ်ပြည်မှာမနေနဲ့ပြောတယ်။ ဗိုက်ကြီးနေတာ သူမသိဘူး။ သမီးက ခုပြန်မလာသေးဘူး သမီးဗိုက်ကြီးနဲ့ ကလေးမွေးပြီးမှ ပြန်လာခဲ့မယ်ပြောတော့ အမေက ရုံးတိုင်မယ်လုပ်လို့ အမေရယ်မတိုင်ပါနဲ့။

သမီးပြန်လာတော့လဲ သမီးကတရုတ်ပြည်မှာ ဘဝရှုံးခဲ့ပြီ။ သမီးလေ တရုတ်ပြည်မှာ အမေ့ကို အိမ်လေးတလုံးနဲ့ ထားချင်တယ်။ အမှန်အတိုင်းပြောရရင် သမီးတို့မိသားစုက ဆင်းရဲတယ်။ သမီးက ပထွေးနဲ့နေရတာ။ အမေ့ကို အိမ်လေးတလုံးလောက်ဝယ်ပေးချင်လို့ သမီးကြိုးစားပါတယ်။ ဘာလုပ်လုပ် ဘာလေးဘဲစားစား အမေ့ကို အရမ်းသတိရတယ်။ အခုသမီး သားလေးတယောက်မွေးထားပါတယ် ၄ လပဲ ရှိသေးတယ်”

သူ့ရဲ့ ခုလိုခါးသီးတဲ့ အတွေ့အကြုံတွေရယ် တရုတ်ပြည်မှာ သူ့လိုရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေ အများအပြားရှိနေပြီး ဒုက္ခရောက်နေကြတာတွေကြောင့် မြန်မာမိန်းကလေးတွေ တရုတ်ပြည်ကို မလာကြဖို့ သူက ခုလို တိုက်တွန်းပါတယ်။

“ဒီတရုတ်ပြည်ကို အရှင်းဆုံးပြောရရင် မတက်လာကြတာ အကောင်းဆုံးပါပဲ။ မိဘပေါ်သိတတ်တယ် ကိုယ့်အပေါ်ကောင်းတယ် ကိုယ်ပြောတဲ့စကားနားထောင်တယ်။ ကိုယ့်အပေါ် တာဝန်ကျေတဲ့ ယောကျာ်းမျိုးတွေ့ရင် ကောင်းတာပေါ့။ မတွေ့ဘဲ မတော်တရော်ပွဲစားနဲ့တွေ့ပြီး မဟုတ်တဲ့ အတန်းမှာရောင်းစားခံရတဲ့သူတွေလဲရှိတယ်။

တချို့ ပွဲစားတွေကယုတ်မာပြီး ပိုက်ဆံမပေးတာလဲ ရှိတယ်၊ မြန်မာမိန်းကလေး တော်တော်များများပဲ ၊ တချို့ မိန်းကလေးတွေကျတော့ တရုတ်ယောကျာ်းကောင်းပေမဲ့ ထွက်ပြေးပြီး တယောက်ပြီးတယောက် လိုက်ယူပြီး ပိုက်ဆံလိုက်လိမ်စားတယ်။ အဲလိုမိန်းကလေးတွေကျတော့ တရုတ်တွေက ရိုက်တယ်။

ပြန်ဖမ်းသွားတယ်။ အဲလိုတွေအများကြီးရှိတယ်။ ဒါကြောင့်လေ ကိုယ့်နိုင်ငံမှာ ကိုယ့်မိဘနဲ့ ကိုယ့်အိုး ကိုယ့်အိမ်လေးနဲ့ စားသောက်စေချင်တယ်။ မြန်မာပြည်သားအတော်များများကို တရုတ်တွေက နှိမ်တယ် ရိုက်တယ်။

တော်တော်လေးသမီးမြင်ခဲ့ရတယ်၊ ရွှေလီ ကျယ်ဂေါင်တို့မှာလဲ သမီးမြင်ဖူးတယ်။ သမီးတို့ ဖူချွန်းမှာဆိုရင် တရုတ်တယောက်က မြန်မာမိန်းကလေး ၄ ယောက်ကို ယူထားတာ။ အရှင်းဆုံးပြောရရင် တရုတ်ပြည်ကို မတက်လာကြပါနဲ့လို့ ”

ဒါကတော့ အသက် ၁၄ နှစ်အရွယ် နဲ့ တရုတ်ပြည်ကို လူကုန်ကူးရောင်းစားခံခဲ့ရတဲ့ မော်လမြိုင် မုပွန်က မဇာဇာရဲ့ ဘဝအတွေ့အကြုံတွေပါ။

RFA Burmese