data-language="en">

မသုံးတတ်ရင် မကောင်းဆိုးဝါးပင်ဟုပင် ခေါ်ဆိုလောက်တဲ့ ပဒိုင်းပင်အကြောင်း သိကောင်းစရာများ နှင့် အသုံးဝင်ပုံ

မြန်မာ အမည် – ပဒိုင်း၊ အခြားအမည် – ဆေးမင်းရာဇာ လို့လဲခေါ်ပါသည်၊၊ ထိုင်းမှိုင်းမူးဝေပြီး စိတ်ကို ပြောင်းလဲစေသော သတ္တိ ရှိ၍ ပန်းထိုင်း၊ ပတိုင်း၊ ပဒိုင်းဟု အဆင့်ဆင့် ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ပါဠိ အမည်မှာ ဥမတ္တက ၊ မာတုလ လို့တွေ့ရပါသည်၊၊

ပဒိုင်း၏ အမည်မှာ Datura ဖြစ်သည်။ Solanaceae မိသားစုဝင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သမပိုင်းဒေသများနှင့် အပူပိုင်းဒေသများတွင် ပျံ့နှံ့စွာပေါက်ရောက်သည်။ ပဒိုင်းပန်းပွင့်ကို Angel’s Trumpet ဟုလည်း ခေါ်ဆိုကြသည်။ အရွက်များသည် ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာထိ ရှည်လျားပြီး ၅ စင်တီမီတာမှ ၁၈ စင်တီမီတာထိ ကျယ်ပြန့်သည်။

အပွင့်များသည် Trumpet ပုံသဏ္ဌာန်ရှိပြီး ၅ စင်တီမီတာမှ ၂၀ စင်တီမီတာထိ ရှည်လျားသည်။ အပွင့်ဝတွင် ၄ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ကျယ်ဝန်းသည်။ အပွင့်အရောင်မှာ အဖြူမှသည် အဝါ၊ ပန်းရောင်၊ ခရမ်းဖျော့ရောင် စသည်ဖြင့် ရှိကြသည်။ ပဒိုင်းသီးမှာ ဆူးများဖြင့် ပြည့်နှက်နေသည့် အခွံမာသီးဖြစ်သည်။ အသီးသည် ၄ စင်တီမီတာမှ ၂၀ စင်တီမီတာထိ ရှည်လျားပြီး ၂ စင်တီမီတာမှ ၆ စင်တီမီတာထိ ကျယ်ပြန့်သည်။ အသီးရင့်မှည့်လာသောအခါတွင် အခွံမာမှာ အက်ကွဲပေါက်ထွက်ပြီး အစေ့များ ကျဲပြန့်သည်။

ပဒိုင်းသည် မကောင်းဆိုးဝါးပင်ဟုပင် ခေါ်ဆိုလောက်အောင် အဆိပ်အတောက်ဖြစ်စေတတ်သည်။ ပဒိုင်း၏ အမည် Datura မှာ ဟင်ဒီဘာသာစကားမှ ဆင်းသက်လာပြီး dhatūrā (“thorn apple” ဆူးများဖြင့်ပြည့်နှက်နေသော ပန်းသီးဟု အနက်ရသည်။

ပဒိုင်းပင်သည် အပင်ငယ်ဖြစ်ပြီး ၂ပေ – ၃ ပေ ခန့် မြင့်နိုင်ပါသည်၊၊ ပင်စည်ရိုးနဲ့ အပွင့်ကို စွဲ၍ ပဒိုင်းဖြူ ၊ ပဒိုင်းဝါ ၊ ပဒိုင်းနက်ဟု ခွဲခြားသည်။

အရွက်သည် ရွက်လွဲထွက်ပြီး အရင်းပိုင်းကျယ်ကာ အဖျားပိုင် ရှူးသွား ပြီး ရွက်ရင်း ညီညာမှု မရှိဘဲ တဖက်တို တဖက်ရှည် ဖြစ်နေပါသည်။ ရွက်ညှာမှာ ရှည်ပြီး ရွက်ကြောများ ထင်ရှား ကြောင်း တွေ့ရသည်၊၊ ရွက်နားများတွင် အတွန့်လေးများပါသည်၊၊

အပွင့်သည် ခေါင်းလောင်းပုံ ဖြစ်ပြီး အရွယ်အစား အတော်ကြီးသည်။ တပွင့်ခြင်း ပွင့်ကာ အပွင့် ၁ ထပ်မှ ၃ ထပ် ရှိသည်၊၊ အပွင့် ၃ ထပ်ရှိသော ပဒိုင်းကို ပဒိုင်း ခတ္တာ ဟုခေါ်သည်။ အပွင့် ခရမ်း နက်ရောင်ရှိသော အပင်ကို ဆေးဖက်ဝင် အသုံးများသည်။

ပဒိုင်းပွင့်သည် များသောအားဖြင့် တော်သလင်းလ မှ တပေါင်းလ အတွင်း များစွာ ပွင့်သော်လည်း အခြားသော လများတွင် အသင့်အတင့် ပွင့်သည်၊၊ ပဒိုင်းပွင့်ရဲ့ဝတ်ရည်ကို စုပ်ယူသော ပျားပတုန်းတို့သည် ထိုင်းမှိုင်းရစ်မူးပြီး မြေသို့ကျကြရသည်။

အသီးသည် တလုံးချင်း သီးသော အသီးမျိုးဖြစ်ကာ၊ အချင်း ၁.၅ လက်မမှ ၂ လက်မ အထိ ရှိသည်။ အသီးပေါ်တွင် ဆူးလေးများ ရှိ၏။ အစေ့ကလေးများမှာ အနက်ရောင်ရှိလေသည်။

ပဒိုင်းသည် အဆိပ်ပင် ဖြစ်ကာ ပဉ္စငါးပါးလုံး အဆိပ်ရှိ ပါတယ်၊၊ ပဒိုင်းပင်တွင် tropane alkaloids ပါဝင်ခြင်းကြောင့် အဆိပ်အဖြစ် အသုံးပြုကြသည်။ အဆိပ်အမျိုးအစားအနေဖြင့် ထာဝရ အဆိပ်မျိုးဖြစ်ကာ ဥပါဝိသ ခေါ် အဆိပ်ငယ်မျိုးတွင် ပါဝင်ကြောင်း ကျမ်းများတွင် တွေ့ရပါတယ်၊၊

ပဒိုင်းအဆိပ်သင့်သော လက္ခဏာ များ မှာ

အသားအရေကို ခြောက်သွေ့စေခြင်းမျက်လုံးကြော ကျယ်ပြန့်စေခြင်းပါးစပ်နှင့် လျှာတို ကို ခြောက် သွေ့စေခြင်းဦးနှောက်နှင့် အာရုံကြောတို့ကို ထုံထိုင်းစေခြင်းအသိဉာဏ် ပျက်စီးစေပြီး ရူးသွပ်စေခြင်းစသည်တို့ဖြစ်ပါတယ်၊၊

အဆိပ်ပါဝင်နှုန်းမှာ အပင်၏ သက်တမ်း၊ အရွယ်အစား၊ ပေါက်ရောက်ရာ ဒေသနှင့် ဒေသ၏ ရာသီဥတုအပေါ်တွင် မူတည်ပြီး ရာခိုင်နှန်း အနည်း၊ အများ ရှိသည်။ ပဒိုင်းသည် လူကို ဆိုးကျိုးဖြစ်စေသောမူးယစ်ဆေးဝါးဖြစ်သည်။ ငယ်ရွယ်သူများနှင့် ဆယ်ကျော်သက်များသည် ပဒိုင်းပင်၏ အစိတ်အပိုင်းတစ်ခုခုကို စားသုံးမိလျှင် အပြင်းအထန်နေမကောင်းဖြစ်ကာ အသက်သေဆုံးသည်ထိ ဖြစ်သည့် ဆေးမှတ်တမ်းများ ရှိသည်။

ပဒိုင်းပင်သည် အဆိပ်အဖြစ် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းနှင့် လူသတ်ခြင်းများတွင် အသုံးပြုကြသည်။ ၁၉၅၀ မှ ၁၉၆၅ ခုနှစ်အကြား အိန္ဒိယနိုင်ငံ ၊ Agra ရှိဓာတုဓာတ်ခွဲခန်းများ၏ စုံစမ်းမှုအရ ပဒိုင်းစားသုံးမှုကြောင့် သေဆုံးသူပေါင်း ၂၇၇၈ ဦးရှိခဲ့သည်ဟု သိရှိရသည်။

ပဒိုင်းပင်၏ အစိတ်အပိုင်းတစ်ခုခုကို စားသုံးမိလျှင် စိတ်ကစဉ့်ကလျားဖြစ်ကာ စိတ်မူမမှန်ဘဲနောက် အသက်သေဆုံးသည်အထိ ဖြစ်ရသည်။ မြန်မာလူမျိုးတို့က ဆုပ်လည်းစူး၊ စားလည်းရူးဟူ၍ ပဒိုင်းကို ကိုယ်စားပြု ဖော်ပြသည်။

ဆေးအဖြစ် အသုံးပြုရာတွင်စင်ကြယ်အောင် ပြုပြင်(သုဒ္ဒပြု) ပြီးမှ သုံးရပါမယ်၊၊

စင်ကြယ်အောင်ပြုလုပ်ပုံမှာ – အသုံးပြုလိုသော ပဒိုင်းပင်၏ အစိတ်အပိုင်း တစ်ခုခုကို နွားနို့တွင် တစ်နာရီကြာအောင် ပြုတ်ရမယ်၊၊ ထိုသို့ သုံးကြိမ် ပြုခြင်းဖြင့် ပဒိုင်းရှိ အဆိပ်ဓာတ်တို ကုန်ခမ်းသွား ပါမယ်၊၊ ထိုအခါမှ အသုံးပြုရကြောင်း ရှေးဟောင်းဆေးကျမ်းများမှာ ပြဆိုထားပါတယ်၊၊

ပဒိုင်းအဆိပ်သင့်ပါက ဖြေဆေးအဖြစ် ` ပဒိုင်းသီးစားသော မရူးလော၊ အမဲခြောက်ဖုတ်စားသော မပျောက်လော ´ ဟူသော လောကျမ်းအရ အမဲခြောက်ဖုတ် ကြွေးပါ၊ အဆိပ်ဖြေကျမ်းအရ ` ဒေါက်ရပ်ခေါက်နှင့် ထန်းလျက်ကျွေးပါ ၊၊ ကြိတ်၍ ပေးရပါတယ်၊၊ ထန်းလျက် သက်သက်ကျွေးလည်း ရပါတယ် ၊

၁ – အမျိုးသမီးများ သားမြတ်တွင်အကြိတ်အဖု ဖြစ်ခြင်း အတွက် ပဒိုင်းရွက်ကို နနွင်းနဲ့ကြိတ်ပြီး အုံပေးပါ၊၊

၂ – အဆစ်ရောင်ရောဂါနှင့် အရိုးအဆစ် ကိုက်ခဲခြင်းပါက ပဒိုင်းရွက်ကို မီးကင်၍ ကပ်ပေးပါ ၊၊

၃ – ပန်းနာရင်ကြပ် ရောဂါတွင် ပဒိုင်းရွက်ခြောက်ကို ဆေးပေါ့လိပ်တွင် ထည့်ပြီး သောက်ပေးပါ၊၊

၎ – အဆိပ်သုတ်သင်ပြီးသော ပဒိုင်းစေ့ကို ကြိတ်ပြီး၊ သွားဖုံးရင်းတွင်သိပ်ပေးပါက သွားနာ သွားကိုက်ခြင်း ကို သက်သာစေသည်၊၊

၅ – ခေါင်းကိုက် မျက်ရိုးကိုက်ခါးကိုက် ဒူလာ အညောင်းအကိုက် ဝေဒနာတွင် အဆိပ်သုတ်သင်ပြီးသော ပဒိုင်းစေ့ကို အမှုန့်ပြု၍ နှမ်းဆီတွင် ၇ရက်စိမ်ပြီး ပွတ်လိမ်းပေးပါ၊၊ အဝတ်ပါးပါးနှင့် စည်းထားပေးပါ၊၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊ ဝေဒနာ အတွက် ဆီးခုံပေါ်တွင်လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းသည်၊၊

၆ – ချောင်းဆိုး၊ ရင်ကြပ် ပန်းနာ ရောဂါတွင် ပဒိုင်းသီးကို ပြာချပြိး ဆားပုပ် နှင့်ဆတူ စပ်ကာ သံပုရာရည် ရှောက်ရည်နှင့် ရောစပ် သောက်သုံးပါ ၊၊

၇ – ခွေးရူးဆိပ်ဖြေဆေး အဖြစ် ပဒိုင်းမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ တိုက်ပြီး အမဲခြောက်ဖုတ် ကျွေးပါ၊၊

ခွေးရူးရောဂါကုဆေး အဖြစ် ဆေးကျမ်းများတွင် ဖော်ပြထားသော ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်သည်၊၊

သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး ဆို သည့်စကားအတိုင်း၊ ဆုပ်လျှင်စူး စားလျှင်ရူး ဟု လူတို့ ခေါ်ဝေါ်နေသော ပဒိုင်းပင် သည် သုံးတတ်သော သမားတော်တို့အတွက် အသုံးချ ဆေးဖက်ဝင်အပင်တမျိုး ဖြစ်ပေသည်၊၊

Credit